
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်၍ (၅) ရက်ကြာ ဖွင့်လှစ်သည့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များအကြောင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ်ညီလာခံခန်းမတွင် ၂၉-၉-၂၀၂၅ (စနေနေ့) နံနက် (၉:၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြဆရာများ၊ သင်တန်းသားဟောင်းများ တက်ရောက်ခဲ့ကြပါသည်။
၃။ အဆိုပါ သင်တန်းကို တနင်္လာနေ့မှ သောကြာနေ့ထိ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၆၁) ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။